ဝမ်းတွင်းမြို့နယ်၌ မိုးဦးနှမ်းများ စတင်စိုက်ပျိုး

ဝမ်းတွင်း မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၂၊ ၁၄၇၃)တို့တွင် မိုးဦးနှမ်းများ စတင်စိုက်ပျိုးလျက်ရှိကြောင်း တောင်သူ ဦးချစ်ပြုံးထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ် (၁၄၇၂/၁၄၇၃) အစရှိသည့် ယာကွင်းများရှိ တောင်သူများသည် မိုးရေကို အဓိကထား၍ စိုက်ပျိုးရေးလုပ်ဆောင်နေသော စိုက်ကွင်းများ ဖြစ်ပြီး မေလအတွင်း မိုးရွာသွန်းမှုများကြောင့် မိုးရေများ ရရှိကာ မိုးဦးနှမ်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မိုးဦးနှမ်းသည် (၁) ဧက မျို (၂) ပြည်ကုန်၍ တန်းဆွဲစိုက်ရကြောင်း၊ စိုက်ပျိုးပြီး (၇၅)ရက်လျှင် ရိတ်သိမ်းရကြောင်း၊ ထွန်းရှဥ်းငှားရမ်းခအနေဖြင့် တစ်မနက် (၂၀၀၀၀) နှုန်းကုန်ကျ၍ (၁)ဧကလျှင် ထွန်းရှဥ်း (၃) ရှဉ်းကုန်ကြကြောင်း၊ ယခုနှစ် (၁၄၇၂/၁၄၇၃) ကွင်းတွင် မိုးဦးနှမ်းစိုက်ပျိုးဧက(၃၀)ကျော်စိုက်ပျိုးလျက်ရှိကြောင်း  တောင်သူ ဦးချစ်ပြုံးမှ ဆက်လက်ရှင်းပြသည်။

ဝမ်းတွင်းမြို့နယ်ရှိ အရှေ့ဘက်ခြမ်းစိုက်ကွင်းများသည် ဆည်ရေများ ရရှိကာ ဆည်ရေကို အဓိကထား စိုက်ပျိုးရေးလုပ်ဆောင်နေသော ကျေးရွာများဖြစ်ပြီး ဝမ်းတွင်းမြို့နယ်ရှိအနောက်ဘက်ခြမ်းဒေသများသည် ဆည်ရေ မရရှိသောကြောင့် မိုးရေကိုသာ အဓိကထားကာ စိုက်ပျိုးရေးလုပ်ကိုင်သော ကျေးရွာများဖြစ်ကြောင်း စိုက်ပျိုးသီးနှံများအနေဖြင့် စပါး၊ ငရုတ်၊ ဝါ၊ နှမ်း၊ မြေပဲများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။

ရဲမျိုးသက် (ဝမ်းတွင်း)