ညောင်ဦးခရိုင်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ညောင်ဦး မေ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ခရိုင်အဆင့် ကျောင်းအပ်နှံနိုင်ရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦး (အခြေခံပညာအထက်တန်းကျောင်း) ရှိ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းသား၊ ကျောင်းသူလေးများမှ ကျောင်းအပ်နှံကြပါစို့ သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်သည်။ ပြီးနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအခမ်း အနားတွင် ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင်၊ အခြေခံပညာဦးစီးဌာန၊ ဦးအောင်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး)က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းများဖွင့်လှစ်သွားမည့်အခြေအနေနှင့် ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက်  ကျောင်းများအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးတို့ကို ပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် တာဝန်ရှိသူများမှ အခမဲ့ထောက်ပံ့သည့် ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးစာအုပ်/စာရေးကိရိယာများကို ပေးအပ်ကြရာ ညောင်ဦးခရိုင်ရှိ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ညောင်ဦး အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူများမှ လက်ခံရယူသည်။ အဆိုပါ အခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်၊ ညောင်ဦးမြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း၊  အခြေခံပညာမူလတန်းလွန်ကျောင်း၊ အခြေခံပညာဘုန်းတော်ကြီးသင်ကျောင်းမှ ကျောင်းဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ကြပြီး အခြေခံပညာအထက် တန်းကျောင်း (ညောင်ဦး) ကျောင်းသား၊ကျောင်းသူလေးများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး  ခရိုင်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

ဒီပါလင်း