တံတားဦး မေ ၃၀
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အမှတ်(၁)ရပ်ကွက်၊ ကွက်သစ်ရပ်ရှိ တောကျောင်းအနောက်တိုက် ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ သင်တန်းဆင်းပွဲနှင့်ပတ်သက်ပြီး တံတားဦးမြို့နယ်အတွင်းရှိ စာသင်ဝိုင်းများမှ သင်ကြားပေးသော သင်ခန်းစာများကို အမြဲမပြတ် လေ့လာသင်ယူပေးသည့်အတွက် ဝမ်းသာမိပါကြောင်း၊ “ပညာလို အိုသည်မရှိ" ဆိုသည့်အတိုင်း ပညာသင်ကြားရာတွင် အရှက်အကြောက်မရှိ သင်ကြားနိုင်ကြောင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်သည့် ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်ပါကြောင်း၊ ထို့အပြင် ယနေ့ခေတ်သည် ပညာခေတ်နှင့်အညီ ပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများကို သင်တန်းဆင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)