ရန်ကင်း မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၂)ရပ်ကွက် ဓမ္မရိပ်သာ ဘုန်းကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင် ဦးဆောင်သည့်အဖွဲ့က အမှတ်(၁၂) ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသား လူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၅) ရပ်ကွက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ရန်ကင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင်နှင့် ဝန်ထမ်းများက ပန်းခင်းအဆင့်(၃)ဖြင့် အိမိထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက် နေပြည်သူများ အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ခြင်းဖြစ်သည်။
ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)၊ (၂)တို့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် မြို့နယ် အတွင်း နေပြည်သူများအား မေလ(၃)ရက်နေ့မှစတင်ကာ စက်တင်ဘာလ(၃၀) ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)