လသာ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အခြေခံပညာကျောင်းများအတွင်းရှိ ကျောင်းသား၊ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခပ်ခြင်းများ၊ ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လသာမြို့နယ်(အ.မ.က-၁)ကျောင်းနှင့် (အ.မ.က-၂)ကျောင်းတို့တွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းကာ မိုးဦးကျရာသီတွင် ကျောင်းသား၊ကျောင်းသူများအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါကင်းဝေးစေရန်အတွက် လသာမြို့နယ်အမှတ်(၂)ရပ်ကွက်ရှိ (အ.မ.က-၁)ကျောင်းနှင့် ရပ်ကွက်(၅)ရှိ (အ.မ.က-၂)ကျောင်းတွင် ခြင်များခိုအောင်းမှုမဖြစ်စေရေး ခြင်ဆေးဖျန်းခြင်း၊ ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်