အမရပူရ မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါမြို့နယ်ရှိ အ-ထ-က(၁)ကျောင်း အမရအောင်မြေခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်းနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ တက်ရောက်ကြပြီး အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူလေးများက “တိုင်းနိုင်ငံအားလုံးကျောင်းအပ်ကြစို့ကွယ်” သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံးကို ကျောင်းသို့အရောက် ပို့ဆောင်ပေးနိုင်ရေးအတွက် မိဘများအနေဖြင့် အထူးအလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ရာ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မှန်တန်းအခြေခံပညာအလယ်တန်းကျောင်းအတွက် အလှူငွေ ၁၀ သိန်းကို အလှူရှင် ဦးညီညီနိုင်မိသားစုမှ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းပပမိုးက လက်ခံရယူခဲ့ပြီး မယ်တော်စုအခြေခံပညာမူလတန်းကျောင်းအတွက် ဘိလပ်မြေအလုံး ၁၅၀အတွက် တန်ဖိုးငွေ ၁၅ သိန်းကို အလှူရှင် ဦးတင်လင်းမောင်နှမတစုတို့က လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဆွေက လက်ခံရယူခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် အိုးတော်မူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အသီးတရာအညှာတစ်ခု” သီချင်းဖြင့် တေးသရုပ်ဖော်ကပြခဲ့ပြီး အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာသို့ရည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို အောင်မြင်ပြီးမြောက်ခဲ့သည်။
စိုးသီဟ(အမရ)