ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်၊ စည်ပင်သာယာဈေးများအား ကွင်းဆင်းစစ်ဆေး၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် ဇီဝမျိုးစုံမျိုးကွဲပြခန်းကြည့်ရှုစစ်ဆေး

ပူတာအို မေ ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ကျော် ကျော်ဦး၊တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၈) နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) ခန်းမ၌ ဆရာ၊ ဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) ကျောင်း အုပ်ဆရာကြီး ဦးသိန်းလှမောင်က ကျောင်းဆိုင်ရာအချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် တက်ရောက်ကြမည့် သား၊ သမီးတို့အနေဖြင့် မိမိတက်ရောက်သည့် အတန်းတွင် ထူးချွန်အောင် ကြိုးစားရမှာဖြစ်သကဲ့သို့ မိမိ၏ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားရမည် ဖြစ်ပါကြောင်း၊ ဒါ့အပြင် ကျောင်းပြီးသည့်အခါ နိုင်ငံတော်အတွက် ပြန်လည်တာဝန်ထမ်းဆောင် ပေးဆပ်ရမှာဖြစ်ပါကြောင်း၊ ဒါ့ကြောင့် သားတို့သမီးတို့အနေဖြင့် မိမိပတ်ဝန်းကျင်တွင် စံနမူနာအဖြစ် နေထိုင်ပြောဆိုလုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားကာ ပြည်နယ်ဝန်ကြီးက ကျောင်းအတွက် ထောက်ပံ့ငွေသုံးသိန်းကို ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ကျောင်းသား/ကျောင်းသူများ၏ အိပ်ဆောင်နှင့် စားဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်နှင့် တာဝန်ရှိသူများက စည်းကမ်းထိန်းသိမ်းမှုများနှင့် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာမြို့မဈေးနှင့် လေယာဉ်ကွင်းဈေးသို့ သွားရောက်ပြီး ဈေးကော်မတီများ၊ ဈေးသူ၊ ဈေးသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကုန်ပစ္စည်းများ ရရှိမှုအခြေအနေ၊ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားနေမှုအခြေအနေနှင့် ကုန်ဈေးနှုန်းအခြေအနေများကို မေးမြန်းဆွေးနွေး၍ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ ခါကာဘိုရာဇီအမျိုးသားဉယျာဉ် အုပ်ချုပ်ရေးမှူးရုံး၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ပညာပေးပြခန်းသို့ သွားရောက်ပြီး ခါကာဘိုရာဇီ အမျိုးသားဉယျာဉ် အုပ်ချုပ်ရေးမှူး ဦးသိန်းဌေး၊ ခါကာဘိုရာဇီအမျိုးဉယျာဉ် သုတေသနနှင့် ပညာပေးလုပ်ငန်းတာဝန်ခံ တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်နှင့် ဝန်ထမ်းများက ဇီဝမျိုးစုံံမျိုးကွဲ ပြခန်းတွင်ပြသထားသည့် ပူတာအိုဒေသရှိ သစ်ခွမျိုးစိတ်များ၊ မြန်မာနိုင်ငံမြောက်ဖျား ရေခဲတောင်ဂေဟစနစ်တွင် ပေါက်ရောက်သည့် ဆေးဖက်ဝင်အပင်များ၊ ပူတာအိုဒေသရှိ တောင်ဇလပ်မျိုးစိတ် (၂၄)မျိုး၊  နို့တိုက်သတ္တဝါများ၊ ဌက်မျိုးစိတ်များ၊ ကမ္ဘာ့ရွှေ့ပြောင်းငှက်များ ပျံသန်းရာလမ်းကြောင်းပြ မြေပုံများ၊ ထိန်းသိမ်းရေးလုပ်ငန်းမှတ်တမ်းများ၊ ဒေသတွင်း သဘာဝအခြေခံခရီးသွား အခွင့်အလမ်း မှတ်တမ်းများ ပြသထားရှိမှုများကို လိုက်လံရှင်းလင်းပြသရာ ပြည်နယ်ဝန်ကြီးက ခါကာဘိုအမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ထို့နောက်  ခါကာဘိုအမျိုးသားဉယျာဉ်အတွင်း ဒေသရင်းသစ်ခွမျိုးစိတ်များ ထိန်းသိမ်းပြသထား ရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  အစည်းအဝေးခန်းမ၌ ခါကာဘိုရာဇီအမျိုးသားဉယျာဉ် အုပ်ချုပ်ရေးမှူး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခါကာဘိုရာဇီအမျိုးသာဉယျာဉ် အုပ်ချုပ်ရေးမှူးရုံး၏ ထိန်းသိမ်းမှုလုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးက ပူတာအိုဒေသသည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည့် ဒေသတစ်ခုဖြစ်သည့်အတွက် ဒေသထွက်သဘာဝအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)