မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

မင်္ဂလာဒုံ မေ ၃၀

ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ကျောင်းအပ်နှံရေးသီတင်းပတ်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွှန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်သန္တာဝင်းက ကျောင်းအပ်နှံရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုတာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများထံသို့ ပေးအပ်ခဲ့ကြပြီး အ.ထ.က(၁)မှ ကျောင်သား/ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့​သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွှန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဇော်ဝင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးကျော်၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်မွှေး၊ မြို့နယ်ပညာရေးမှူးဒေါ်သန္တာဝင်း၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးမြမြသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် တက်ရောက်သင်ကြားမည့် ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား/ကျောင်းသူ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းသိန်းထွန်း