လယ်ဝေး မေ ၃၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကားပြောကြားရာတွင် ပညာရေးသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရင်းအနှီး ဖြစ်ကြောင်း၊ ယနေ့အချိန်အခါမှာ မြန်မာ့ပညာရေးကို အခြေခံပညာရေး သင်ရိုးညွှန်းတမ်းမှာ KG+12 ပညာရေးစနစ်သစ်နှင့်အတူ ၂၁ ရာစု အသိပညာနှင့်ကျွမ်းကျင်မှုများ အလေးပေးကာ အရည်အသွေးရှိသော ပညာရေးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စနစ်သစ်ပညာရေးမှာ ယနေ့ကျောင်းသားလူငယ်များကို အသိပညာသစ်များနှင့် တတ်ကျွမ်းမှုများ ရရှိလာစေခြင်းဖြင့် အမျိုးသားပညာရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နှင့် အောင်မြင်နိုင်စေဖို့ စနစ်တကျပြင်ဆင်ပြီး ဆောင်ရွက်နေတာလည်းဖြစ်ကြောင်း၊ ယခုနှစ်ကျောင်းအပ်နှံ ရေးဆောင်ပုဒ်အဖြစ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနဲ့ ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေးလုပ်ငန်းတို့အတွက် ဒေသအာဏာပိုင်များ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများပူးပေါင်းပါဝင်လျက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့လိုကြောင်း၊ ပညာရေးဌာနမှထောက်ပံ့သည့် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ၊ ဝတ်စုံများကို ကျောင်းအပ်နှံသည့် ကလေးတိုင်း လုံလောက်အောင်၊ ပြည့်စုံအောင်ရရှိစေနိုင်ရေး စီမံဆောင်ရွက်လုပ်ကိုင်ကြဖို့လိုကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်လွင်က ကျောင်းအပ်နှံမှုများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းဖွင့်လှစ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ မြို့နယ်ပညာရေးမှူး ဦးအောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းအုပ် ဆရာ၊ ဆရာမများထံ ပေးအပ်ခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း မေလ ၂၃ ရက်နေ့မှစ၍ အခြေခံပညာကျောင်း (၂၆၄) ကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၄၃၂၁၅) ဦး အပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဝေကြည်(ပြန်/ဆက်)