မိတ္ထီလာ မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က မိတ္ထီလာခရိုင်တွင် ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ခေတ္တခရိုင်ပညာရေးမှူး ဦးအောင်ဇော်ထွန်းနှင့် မြို့နယ်ပညာရေးမှူးရုံးမှ ဒေါ်ဝေဝေတင်တို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပညာရေးဌာနမှ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက အသီးသီးဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ပညာတက်လူငယ်မောင်မယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သည်နှင့်အညီ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား လူငယ်များအားစာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သြဂုတ်လနောက်ဆုံးအပတ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် စာပေဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြခန်းများ၊ ဖြေဖျော်ရေးများနှင့်အတူ စာအုပ်စျေးရောင်းပွဲတော်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)