ကျိုင်းတုံ မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံ-မိုင်းဆတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးနှင့် ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောဆာဝူတို့က သစ်တောများ ပြုစုထိန်းသိမ်းခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ သစ်တောများ ပျက်စီးပြုန်းတီးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ၊ မြန်မာနိုင်ငံသစ်တာများ ပျက်စီးရသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အန္တရာယ် ကာကွယ်လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ၊ ဇီဝမျိုးကွဲများ ရေရှည်တည်တံ့ရေးနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပြီး သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
ထို့နောက် ကျောင်းပတ်ဝန်းကျင် စိန်းလန်းစိုပြည်စေရေးအတွက် ချယ်ရီ၊ ခရေ၊ ကံ့ကော်ပင်များကို ကျိုင်းတုံ-မိုင်းဆတ် သစ်တောဦးစီးဌာန တာတန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဒုတိယ ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)