ပျော်ဘွယ် မေ ၃၀
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းသွားကြမယ် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က နိုင်ငံတော်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို စာရေးကိရိယာ၊ ကျောင်းဝတ်စုံ ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးအတွက် ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်သိန်းထွန်းက ကျောင်းအပ်နှံမှုပတ်သက်၍ လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်မှထောက်ပံ့သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထပ်ဆင့်ထောက်ပံ့ရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၄၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း(၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၅)ကျောင်းရှိပြီး ကျောင်းအပ်နှံမှုအနေဖြင့် ယနေ့အချိန်အထိ ကျောင်းသား၊ ကျောင်းသူ (၄၅၀၀၀)ကျော် အပ်နှံထားပြီး ဆက်လက်၍လည်း သက်ဆိုင်ရာကျောင်းများ၌ ကျောင်းအပ်နှံမှုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)