ဟိုပုံး မေ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် ကျွန်ုပ်တို့ နိုင်ငံသည် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့”ဆိုသည့် ပညာရေးရည်မှန်းချက်နှင့်အညီ ဆောင်ရွက်နေကြတာဖြစ်ပါကြောင်း၊ ၂၁ ရာစုသည် အသိပညာခေတ်ဖြစ်သည်နှင့်အညီ အသိပညာဖွံ့ဖြိုးတိုးတက်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါကြောင်း၊ အသိပညာဖွံ့ဖြိုးတိုးတက်ရန် အခြေခံပညာတတ်မြောက်ရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း တစ်မျိုးသားလုံးပညာရည်မြင့်မားရေးကို ရှေ့ရှုဦးတည်လျက် နိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းမွန်စွာတတ်မြောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ဖြည့်ဆည်းရေးလုပ်ငန်းသည် အဓိကကျသော လုပ်ငန်းကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦး အောင်မြင်တိုးတက်ရန် အသိပညာ၊ အတတ်ပညာ ကြွယ်ဝတိုးတက်မှုအပေါ်မှာ မူတည်ကြောင်း ထိုအရာသည် လူတိုင်းအတွက် ပညာတတ်မြောက်မှု လိုအပ်နေခြင်းကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း အတန်းပညာမြင့်မားရေးကို အမျိုးသားရေးစိတ်ဓာတ်အပြည့်နှင့် ဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည်သာယာဝပြောမှု အကျိုးရလဒ်ကို ရရှိစေမှာဖြစ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြှင့်မားရေးအတွက် ရည်ရွယ်လျက် နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးပြုတတ်စေရန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များတွင် ဖွင့်လှစ်သင်ကြားပို့ချက်ပေးခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ထောက်ပံ့ငွေများကိုလည်းကောင်း တာဝန်ရှိသူများအား အသီးသီးပေးအပ်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ကျောင်းအပ်နှံနေကြသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးပြီး ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းပြုလုပ်မည့် မြေနေရာအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)