နေပြည်တော် မေ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရာက်ကြသည်။
အခမ်းအနားကို ဒက္ခိဏသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွာသစ်မှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံရေး သီတင်းပတ်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ပညာသင်ကြားခြင်းသည် ကလေးများ၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် ပညာရေးမြှင့်တင်မှုကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းအပ်သည့် ကလေးများအတွက် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ဆောင်ပုဒ်ကို မိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို စာပေပညာတတ်မြောက်စေရေးအပြင် ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံသားကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်ကြရန်အတွက် အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများထံ အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများ ပေးအပ်ကြသည်။
ယင်းနောက် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်အား ကြည့်ရှုအားပေးကာ စာကြည့်တိုက်အတွက် စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)