မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ခေတ္တဥက္ကဋ္ဌ  ဗိုလ်မှူးဇော်မင်းဆွေ ဦးဆောင်သော ခရိုင်စစ်ကြောင်းကြီး()ကြောင်းသည် ယနေ့ နံနက်ပိုင်းက ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။              

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ  ဗိုလ်မှူးဇော်မင်းဆွေ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဆန်းဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းများကို ဟောပြောဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် အုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရပ်မိရပ်ဖများက မရှင်းလင်းသည့်အချက်နှင့် မိမိတို့သိလိုသည့်အချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ သောက်သုံးရေဖူလုံစွာရရှိရေးတို့ကို မေးမြန်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ  ဗိုလ်မှူးဇော်မင်းဆွေနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ဟောပြောပွဲကို ယမန်နေ့က ဝမ်တပ်အုပ်စု၊ ဟိုရမ်းကျေးရွာ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)