တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

တိုက်ကြီး မေ ၃၀

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Youth Club များဖြင့် စာရေးဆရာဒေါက်တာကျော်စိန်ရေးသားသည့် “လူငယ်လမ်းညွှန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မေလ ၂၈ ရက်နေ့ ညနေ ၃ နာရီက ကျင်းပသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club  အဖွဲ့ဝင်  ဦးဇင်မင်းကိုက ပွင့်လင်းတက်ကြွရိုးသားသည့် လူငယ်များကို မှန်ကန်သောပန်းတိုင်သို့ စနစ်တကျလမ်းညွှန်နိုင်ပါက လွန်စွာအောင်မြင်နိုင်ကြောင်း၊ လူငယ်ဘဝတွင် ပညာရေးနှင့်ပတ်သက်၍ ရောင့်ရဲတင်းတိမ်မှုမရှိသင့်ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် ကျောင်းနေ၍ စာသင်ရန်အခွင့်အရေးမရှိစေကာမူ ဗဟုသုတဖြစ်ဖွယ်ရာ စာပေအမျိုးမျိုးကို ရှာဖွေဖတ်ရှုခြင်းဖြင့် လူတစ်လုံးသူတစ်လုံးဖြစ်လာနိုင်ကြောင်း ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေးနှင့် လူငယ်နှင့်မလိုလားအပ်သော အလေ့အထများအကြောင်းတို့ကို ဖတ်ကြားဆွေးနွေးသည်။

အဆိုပါ စာဖတ်ဝိုင်းကို လူငယ်များ ဘဝတွင်အောင်မြင်စေရန် လိုက်နာသင့်သည်များကို သိရှိစေရန်ရည်ရွယ်၍  ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ ဆက် )