မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် မေ ၃၀

တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ မွန်တိုင်းရင်းသူလေးများက “ကြီးမြတ်လွန်းသည့် မွန်တို့စေတီ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ ပညာရေးကဏ္ဍမှာ တိုင်းရင်းသား ဘာသာစာပေသင်ဆရာ၊ ဆရာများကလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနေတဲ့ အင်အားများဖြစ်သလို တိုင်းရင်းသား ဘာသာစာပေသင်ဆရာ၊ ဆရာမများဖြစ်တဲ့အတွက် ဘာသာစကားသင်ကြားနည်းများကို လေ့လာသင်ယူပြီး မိမိတို့တိုင်းရင်းသား ဘာသာစာပေကိုလည်း အနာအကြား၊ အပြောအဆို၊ အဖတ်အရွတ်၊ အရေးအသားစွမ်းရည်(၄)မျိုးလုံး ဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားပြသ ပေးရမှာဖြစ်ကြောင်း၊ တိုင်းရင်းသာဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာရပ်အသီးသီးကို သင်ယူဖို့ အခွင့်အလမ်းရရှိတဲ့အချိန်မှာ မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် အားထုတ်လေ့လာသင်ယူခဲ့ပြီးဖြစ်မယ်လို့ မျှော်လင့်ရင်း တိုင်းပြည်အတွက် အားထားရတဲ့ လူရည်ချွန် လူရည်မွန်လေးများ၊ များစွာမွေးထုတ်ပေးနိုင် ရန်အတွက် မိမိတို့ရဲ့ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆင်း နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပအို့ဝ်တိုင်းရင်းသူလေးများက “ တပေါင်းလပြည့် ” သီချင်းဖြင့် ကပြ ဖျော်ဖြေခြင်း၊ မွန်တိုင်းရင်းသူလေးများက “မျှော်လင့်ချက်” သီချင်းဖြင့်ကပြဖျော်ဖြေနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများကပေးအပ်ရာ သင်တန်းသူ သင်တန်းသားများက လက်ခံရယူကြသည်။

ဆက်လက်၍ သင်တန်းသား/သင်တန်းသူများက ကရင်တိုင်းရင်းသူလေးများက “ညီနောင်သားချင်းတွေ အစဉ်လက်တွဲ ကြမယ်လေ” သီချင်းဖြင့် ကပြဖျော်ဖြေပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

အဆိုပါ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲကို သင်တန်းကာလ (၁၀)ရက်ကြာ ဖွင့်လှစ် သင်ကြားဆွေးနွေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၁၀၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)