ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပုဗ္ဗသီရိ မေ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကင်းထောက်လူငယ် ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံရေးသီတင်းပတ်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ စတင်ဖွင့်လှစ်ပြီး ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကျောင်းအပ်နှံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများထံပေးအပ်ခဲ့ပြီးနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံကျောင်းများအနေဖြင့် အစိုးရကျောင်း ၅၉ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်း စုစုပေါင်း ၇၅ ကျောင်းရှိပြီး မေလ ၂၃ ရက်နေ့မှစ၍ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)