ဟိုပုံး မေ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ ပန်လျန်းကျေးရွာနှင့် နမ့်ဟူးကျေးရွာရှိ နေအိမ်များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။
ဟိုပုံးမြို့နယ်ရှိ ထိခိုက်ပျက်စီးခဲ့သော နေအိမ်များပြန်လည်တည်ဆောက်ရာတွင် ဟိုပုံးမြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်၊ သံဃာတော်များဦးဆောင်၍ တောင်ကြီးမြို့နယ် မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းရှိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများနှင့် ဟိုပုံးမြို့နယ်တို့ရှိ ကျေးရွာ (၃၉)ရွာမှ ဒေသခံပြည်သူများပူးပေါင်း၍ တစ်ရွာလျှင် နေအိမ် သုံးလုံးနှုန်းဖြင့် ထိခိုက်ပျက်စီးခဲ့သော ပန်လျန်းကျေးရွာရှိ နေအိမ် ၅၄ အိမ်နှင့် ဘုန်းတော်ကြီးကျောင်းဆောင် ၂ ဆောင်၊ နန့်ဟူးကျေးရွာရှိ ထိခိုက်ပျက်စီးခဲ့သော နေအိမ် ၅၉ အိမ်နှင့် ပုံးအယ်ကျေးရွာရှိ ဘုန်တော်ကြီးကျောင်းဆောင် ၁ ဆောင် စုစုပေါင်း နေအိမ် ၁၁၃ အိမ်နှင့် ဘုန်းတော်ကြီးဆောင် ၃ ဆောင်တို့အား ဒေသခံဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်အတွက် သွပ်မိုးထရံကာ သစ်အိမ်၊ ဝါးအိမ် စသည်တိုကို ဆရာတော်၊ သံဃာတော်များ ဦးဆောင်မှုဖြင့် စုပေါင်းဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် ကျောက္ကချားကျေးရွာ နေအိမ် (၁၁)လုံး၊ လွယ်ဝိုးတုတ်ကျေးရွာ နေအိမ် (၇)လုံး၊ စံဖူးကျေးရွာနေအိမ် (၂၉)လုံး၊ ဒုံကောင်ကျေးရွာနေအိမ် (၁)လုံး၊ ယုပွေးကျေးရွာ နေအိမ် (၁)လုံး၊ စငေါကျေးရွာ နေအိမ် (၁)လုံး၊ နမ့်ဟူးကျေးရွာနေအိမ် (၁၃)လုံး၊ ပုံးအယ်ကျေးရွာ နေအိမ် (၃)လုံး စုစုပေါင်း နေအိမ် (၆၆)လုံးတို့အတွက် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရန်လိုအပ်သည့် သစ်၊ ဝါး၊ သွပ်၊ ဘိလပ်မြေ စသည့်အိမ်ဆောက်ပစ္စည်းများကိုလည်း ဒေသခံပြည်သူများထံသို့ မြိုနယ်သံဃနာယကအဖွဲ့ ဆရာတော်များ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ ကုသိုလ်ရှင်များက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့မြို့နယ် သံဃနာယကအဖွဲ ဆရာတော်၊ သံဃာတော်များဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ၏ နေအိမ်များပြန်လည်တည်ဆောက်ထားရှိမှုနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ထားရှိမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ ရှေးဦးစွာ တာဝန်ရှိသူများက ပန်လျန်းဘုန်းတော်ကြီးကျောင်းဆရာတော်အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး နောက်ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုပုံးမြိုနယ် မဲနယ်တောင်ဒေသတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုးသွားခဲ့သော နေအိမ်များပြန်လည်တည်ဆောက်ခြင်းကို မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များမှလည်းကောင်း၊ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ဓာတ်အားလိုင်းများပြုပြင်ခြင်း၊ နေအိမ်မီးသွယ်တန်းခြင်းလုပ်ငန်းများကို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှလည်းကောင်း၊ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် ရေဖြန့်ဝေပိုက်လိုင်းနှင့် အိမ်တိုင်ရာရောက် ရေပေးဝေရေးစနစ်ကို မြိုနယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ဆောင်ရွက်ပေးလျက်ရှိပြီး မဲနယ်တောင်ဒေသတွင် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)