မက်မန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မက်မန်း မေ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ-ထ-က မက်မန်းကျောင်း အောင်ရတနာခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”တေးသီးချင်းဖြင့် သီဆိုဖွင့် လှစ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးသိန်းဆွေဝင်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပညာရေးဌာနမှထောက်ပံ့ပေးအပ်သော ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများ၊ အားကစားပစ္စည်းများနှင့် ကျောင်းဝတ်စုံပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးစိုင်းယီမှလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလည်းကောင်း၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှလည်းကောင်း၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှလည်းကောင်း သက်ဆိုင်ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် ဆရာ/ဆရာမများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်”သီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)