စဉ့်ကိုင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၃) အတွက် သင်တန်းသားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား ကျင်းပ

စဉ့်ကိုင် မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၃) အတွက် သင်တန်းသားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်လင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာမှ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊  ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားရာ  နိုင်ငံတော်ပိုင် နေ့စဉ်သတင်းစာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့် အမိန့်ကြော်ငြာစာကို ထည့်သွင်းဖော်ပြခဲ့ပါကြောင်း၊  မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာ ကြွယ်ဝသော မိမိနိုင်ငံကို မိမိအင်အားတောင့်တင်းစွာဖြင့် ခိုင်မာစွာကာကွယ်နိုင်သော မိမိ၏လုံခြုံရေး၊ မိမိ၏ ကာကွယ်ရေးကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်နိုင်သော အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးသည့် နောက်တွင်  ရပ်ရွာအေးချမ်းသာယာရေးကို ထိတ်လန့်တုန်လှုပ် ခြောက်ခြားစေရေး ရည်ရွယ်ချက်ထားပြီး လုပ်ကြံဖန်တီးမှု လုပ်ရပ်များကို တွေ့ရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေတွင်  သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းမှာ ဥပဒေနှင့်ကိုက်ညီသူများထဲမှ ပညာသင်ကြားနေဆဲသူ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေရသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရသူများကို ယာယီရွှေ့ဆိုင်းပေးထားမှာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဖို့ မသင့်လျော်သူများကိုလည်း အကြောင်းမဲ့ သက်သက်ခေါ်ယူမှာ မဟုတ်သလို၊ ယခုကာလတွင်လည်း အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်း သတင်းထုတ်ပြန်ထားရှိပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြံစေရန်အတွက် စောင့်ထိန်းရမည့် အမျိုးသားရေးတာဝန်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများသည် မိမိသဘောဆန္ဒအရ စစ်ထမ်းဆောင်မည့်သူများကို တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့်သူများကို သတ်မှတ်ထားသည့် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ရာတပ်မတော်မှ တာဝန်ရှိသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ်၌ စစ်မှုထမ်းရန် မိမိတို့သဘောဆန္ဒအရ စာရင်းပေးထားသူ  (၁၅) ဦးကို သတ်မှတ်ထားသည့် စစ်ဆေးမှုများနှင့် ကိုက်ညီသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃)တွင် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)