မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၄−၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားဆောင်ရွက်

မိုင်းပျဉ်း မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၄−၂၀၂၅ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပဆောင်ရွက်ကြောင်း သိရှိရသည်။

ရှေးဦးစွာ အ.ထ.က(မိုင်းပျဉ်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းတို့က အသီးသီးအမှာစကားများ ပြောကြားကြသည်။  ဆက်လက်၍ နိုင်ငံတော်မှထောက်ပံ့သော အခမဲ့ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် သင်ထောက်ကူ ပစ္စည်းများကို တာဝန်ရှိသူများက ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများအား ပေးအပ်ခြင်း၊ ချို့တဲ့ကလေးများအား အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်က ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် အ.ထ.ကမိုင်းပျဉ်းကျောင်း စာကြည့်တိုက်အတွက် လမ်းဦးစီးဌာန (မြို့ပြ) ဦးစီးအရာရှိ ဒေါ်သူဇာခိုင်က သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အ.ထ.က(ခွဲ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပိတ်သိမ်းခဲ့ပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ကျောင်သား၊ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)