မိုင်းယန်း မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံးအခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က အဖွင့်အမှာစကားပြောကြားပြီး မိုင်းယန်းခရိုင်၊ ပညာရေးမှူး ဆရာကြီး ဦးသိန်းဝင်မှ ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတို့မှ ဒေသအခက်အခဲရှိသော ကျောင်းများအတွက် အခမဲ့ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်စန်းမြင့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခြေခံပညာအလယ်တန်းကျောင်း(ဈေးတန်း) ကျောင်းသား၊ ကျောင်းသူလေးများက "ဘက်စုံပညာကိုရည် တို့လှမ်းချီ"သီချင်းဖြင့် ကပြသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး