ညောင်ဦး မေ ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုလှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက် ၈ နာရီအချိန်က ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ Bagan Plastic Champaign၊ သရပါဟိုတယ်မှ ဝန်ထမ်းများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်အမှိုက်များ စုပေါင်းကောက်ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဓမ္မရာဇိကာဘုရား သွားရာလမ်းဘေး/ဝဲယာတစ်လျှောက် စုပေါင်း၍ ပလတ်စတစ်အမှိုက်များ ကောက်ယူခဲ့ကြကာ ပလတ်စတစ်အမှိုက်များအား စနစ်တကျစွန့်ပစ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးလက်ကမ်းစာစောင်များအား လူစည်ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်းလွတ်ဈေး၊ လေယာဉ်ကွင်းလမ်းဆုံနှင့် ဓမ္မရံကြီးဘုရားတွင် ရောင်းချနေသောဈေးဆိုင်ခန်းများတွင် လက်ကမ်းစာစောင်များ အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း