ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း အသိပညာပေးဆွေးနွေး

ကျိုက်ထို မေ ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်မောင်အိုးက ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်ရခြင်း၏ နောက်ဆက်ဆိုးကျိုးများ ကြောင့် ကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးပိုင်း ဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်နှောင့်နှေးစေနိုင်ပြီး လုပ်ငန်းခွင်ကြောင့် ရောဂါများဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အသက်အန္တရာယ်ဆုံးရှုံးခြင်းများ ဖြစ်နိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) ဦးထွန်းညီညီက ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများတွင် ဖြစ်ပွားနိုင်သည့် နာတာရှည်ကျန်းမာရေးပြဿနာများ၊ စိတ်ပိုင်းနှင့် လူမှုဘဝဆိုင်ရာထိခိုက်မှုများ၊ ကလေးငယ်၏မိသားစုတွင် ထိခိုက်နစ်နာမှုများ၊ လူမှုအဖွဲ့အစည်းတွင် ထိခိုက်နစ်နာမှုများစသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် ကလေးအလုပ်သမား အဖြစ် ခိုင်းစေခံရခြင်းနောက်ဆက်တွဲဆိုးကျိုး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)