နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မေ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဒက္ခိဏသီရိ စက်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဌာနဆိုင်ရာများနှင့် နေပြည်တော်ကောင်စီဝင် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာလင်းတို့က စက်မှုဇုန်အတွင်း လျှပ်စစ်ပိုင်းဆိုင်ရာများ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)