နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စံနှုန်းမီစာကြည့်တိုက်များ ပေါ်ထွန်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မေ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စံနှုန်းမီစာကြည့်တိုက်များ ပေါ်ထွန်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စံနှုန်းမီစာကြည့်တိုက်များ ပေါ်ထွန်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်စေလိုကြောင်း၊ စာကြည့်တိုက်အသစ် တည်ဆောက်ဖွင့်လှစ်ရန်နှင့် ပြုပြင်ရန် စာကြည့်တိုက်များကို နေပြည်တော်စာကြည့်တိုက်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီနှင့် ခရိုင်၊ မြို့နယ် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီများက ကြီးကြပ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာပေချစ်မြတ်နိုးကြသည့် ဒေသခံပြည်သူများ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်း၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများတွင် ပျော်မွေ့လာပြီး လူငယ်များ အသိပညာတိုးတက်မြင့်မားလာစေအောင် အဓိကလုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးကြရပါမှာဖြစ်ကြောင်း၊ အသိပညာဗဟုသုတနှင့်ပြည့်ဝကာ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာပြီး အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကြီးကြပ်မှုကော်မတီဖွဲ့စည်းဆောင်ရွက်မှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စံနှုန်းမီစာကြည့်တိုက်များ ပေါ်ထွန်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စံနှုန်းမီစာကြည့်တိုက်များ၊ စာကြည့်တိုက်ဆောက်လုပ်ရန် မြေနေရာများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)