မိုးညှင်း မေ ၂၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယခုဘဏ္ဍာရေး နှစ်တွင် ဒေသခံပြည်သူများမှ အများဆုံးတောင်းဆိုလေ့ရှိပြီး ဒေသနှင့်လိုက်လျောညီထွေမှုရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတိုသင်တန်းမျာကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဤဦးစီးဌာနရုံးမှ သိရပါသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် လယ်ယာအခြေခံစက်မှုလုပ်ငန်းများ၊ မြန်မာ့ ရိုးရာရက်ကန်းပညာရပ်များနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိုးညှင်းခရိုင်အတွင်းရှိ ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများ၊ လူငယ် လူရွယ်များအား အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကာလတိုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်း၊ နည်းပညာများပံ့ပိုးပေးခြင်းဖြင့် အသက်မွေးပညာရပ်လုပ်ငန်းရှင်များ ပေါ်ပေါက်လာပြီး မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် အရှိန်အဟုန်မပျက် ဆောင်ရွက် ပေလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ဤဦးစီးဌာနအနေဖြင့် မျှော်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ချက်များအား ထားရှိပါသည်။
ဌာန၏ ရည်ရွယ်ချက်များ
ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားစေရန်၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘိန်းအစားထိုးကုန်ထုတ်လုပ်ငန်များ ဆောင်ရွက်ပေးခြင်းအားဖြင့် ဘိန်းစိုက်ပျိုးမှုလျော့နည်း ပပျောက်စေပြီး ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ ဖြစ်ပါသည်။
အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်မှု
အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် ကာလတိုသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ် အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတိုသင်တန်းများကို (၈) ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ရာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း သုံးကြိမ်၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းလေးကြိမ်နှင့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း တစ်ကြိမ် စုစုပေါင်းကာလတိုသင်တန်း (၈)ကြိမ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းသင်တန်းများ ဖွင့်လှစ်မှု
စီမံကိန်းသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ယခုဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း သင်တန်းများ သုံးကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ရာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတစ်ကြိမ်၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှစ်ကြိမ် စုစုပေါင်းစီမံကိန်းသင်တန်း သုံးကြိမ်ကို ပြည်နယ်အစိုးရအဖွဲ့တို့မှ သဘောတူရွေးချယ်ထားသည့် ဒေသများ၊ ဒေသခံများ၏ လိုလားချက်အရ ရွေးချယ်ထားသည့်ဒေသများ၊ စီမံကိန်းနှင့်ကိုက်ညီသည့် ဒေသများအားရွေးချယ်၍ အဆိုပါသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။
ထို့ပြင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း စီမံကိန်းဒေသတစ်ခုလျှင် (၂) နှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအမျိုးအစားအလိုက် သင်တန်း တစ်ကြိမ်လျှင် သင်တန်းသား သင်တန်းသူ (၁၅)ဦးစီရွေးချယ်၍ စီမံကိန်းပထမနှစ်တွင် သင်တန်းဆင်း သင်တန်းသားများအနက် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီမှ ဦးစားပေးရွေးချယ်ပေသည့် လုပ်ငန်းထူထောင်ရန် သင့်လျော်သော သင်တန်းသား သင်တန်းသူ (၅) ဦးကို အရင်းနှီးပစ္စည်များ ပေးအပ်လိုက်ခြင်းကြောင့် စီမံကိန်းကျေးရွာတစ်ရွာလျှင် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သူ (၅) ဦးနှုန်းဖြင့် တစ်နှစ်လျှင် စီမံကိန်းကျေးရွာ၌ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သူ (၅)ဦးဖြစ်ပြီး နှစ်နှစ်ကာလတွင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သူ (၁၀) ဦး ပေါ်ထွန်းလာမည်ဖြစ်ကြောင်း သိရပါသည်။
မိုးညှင်းဒေသသည် စိုက်ပျိုးရေးကို အဓိကအားထားပြီး လုပ်ကိုင်ကြသောဒေသဖြစ်သဖြင့် လူသုံးကုန်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ အလှကုန်ထုတ်လုပ်မှုနည်းပညာများ နည်းပါးသည့် အတွက် ပြည်ပနိုင်ငံများမှ တစ်ဖက်သတ် စီးဆင်းဝင်ရောက်မှုမရှိစေရန်နှင့် WHO စံနှုန်းများနှင့်အညီ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်လုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများမှ အများဆုံးတောင်းဆိုလေ့ရှိပြီး ဒေသနှင့်လိုက်လျော ညီထွေမှုရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတိုသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်ထံမှ သိရပါသည်။
ရွှေမိုးညှင်း
 
     
     
     
    