ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ဟိုပုံး မေ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ ပန်လျန်းကျေးရွာနှင့် နမ့်ဟူးကျေးရွာ နေအိမ်ပြန်လည်တည်ဆောက်လုပ်ငန်း ဆောင်ရွက်နေမှုအား ယနေ့နံနက် ၈ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

နေအိမ်များပြန်လည်တည်ဆောက်ရာတွင် ဟိုပုံးမြို့နယ်သံဃနာယကအဖွဲ့ဆရာတော်၊ သံဃာတော်များဦးဆောင်၍ တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ ဒေသခံပြည်သူများ မှဝိုင်းဝန်းကူညီ၍ ပန်လျန်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်နှင့် ပုံးအယ်ဘုန်းတော်ကြီးကျောင်း ပြန်လည်ဆောက်လုပ်ပေးခြင်း၊ စငေါကျေးရွာအုပ်စုရှိ ပန်လျန်းကျေးရွာ၌ နေအိမ်(၄၆)လုံးနှင့် နမ့်ဟူးကျေးရွာ၌ နေအိမ်(၅၈)လုံး စုစုပေါင်း နေအိမ်(၁၀၄)လုံးတို့အား ဒေသခံပြည်သူများနေထိုင်ရေးအဆင်ပြေစေရန်အတွက် သစ်အိမ်၊ ဝါးအိမ်၊ သွပ်အိမ်စသည်တို့ကို ဆရာတော်၊ သံဃာတော်များဦးဆောင်မှုဖြင့် စုပေါင်းဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် ကျောက္ကချားကျေးရွာ နေအိမ် (၁၁) လုံး၊ လွယ်ဝိုးတုတ်ကျေးရွာ နေအိမ် (၇) လုံး၊ စံဖူးကျေးရွာ နေအိမ် (၂၉) လုံး၊ ဒုံကောင်ကျေးရွာ နေအိမ် (၁) လုံး၊ ယုပ္ပေးကျေးရွာနေအိမ် (၁) လုံး၊ စငေါကျေးရွာနေအိမ်(၁)လုံး၊ နမ့်ဟူးကျေးရွာနေအိမ် (၁၃) လုံး၊ ပုံးအယ်ကျေးရွာနေအိမ် (၃) လုံး စုစုပေါင်းနေအိမ် (၆၆) လုံးတို့အတွက် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရန်လိုအပ်သည့် သစ်၊ ဝါး၊ သွပ်၊ ဘိလပ်မြေစသည့် အိမ်ဆောက်ပစ္စည်းများကိုလည်း ဒေသခံပြည်သူများထံသို့ မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်၊ သံဃာတော်များဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ၏ နေအိမ်များပြန်လည်တည်ဆောက်ထားရှိမှုနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ထားရှိမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ ရှေးဦးစွာ တာဝန်ရှိသူများက ပန်လျန်းဘုန်းတော်ကြီးကျောင်းဆရာတော်အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍  အားပေးစကားပြောကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော နေအိမ်များပြန်လည်တည်ဆောက်ခြင်းကို မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များမှလည်းကောင်း၊ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ဓာတ်အားလိုင်းများပြုပြင်ခြင်း၊ နေအိမ်မီးသွယ်တန်းခြင်းလုပ်ငန်းများကို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှလည်းကောင်း၊ ကျေးလက်နေပြည်သူများသောက်သုံးရေရရှိရေးအတွက် ရေဖြန့်ဝေပိုက်လိုင်းနှင့် အိမ်တိုင်ရာရောက် ရေပေးဝေရေးစနစ်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ဆောင်ရွက်ပေးလျက်ရှိပြီး မဲနယ်တောင်ဒေသတွင် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)