ကျိုင်းတုံ မေ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပန်ကွဲတောင် ဗုဒ္ဓဥယျာဉ်တော်သို့ ဘုရားဖူးလာရောက်ကြသော ပြည်သူများ စိတ်အေးချမ်းမှုဖြစ်စေရန်နှင့် ချယ်ရီပန်းများကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပန်ကွဲတောင် ဗုဒ္ဓဥယျာဥ်တော်တွင် ယနေ့နံနက် ၈ နာရီက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ပန်ကွဲတောင် ဗုဒ္ဓဥယျာဉ်တော်အတွင်း သက်တမ်း (၁)နှစ်ကျော် အမြင့် (၂)ပေနှင့်အထက်ရှိသော ချယ်ရီပျိုးပင် (၂၀၀)ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့တို့က စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအတွက် သစ်တောဦးစီးဌာနမှ ချယ်ရီ၊ ထင်ရှုး၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ပျဉ်းမ၊ ပန်းမယ်ဇလီ၊ မန်ဂျန်ရှားနှင့် ကျွန်း စသော ပျိုးပင်မျိုးပေါင်း (၈)မျိုးတို့အတွက် ပျိုးပင်ပေါင်း (၁)သိန်း (၃)သောင်းကို စိုက်ပျိုးနိုင်ရေး ဖြန့်ဝေဆောင်ရွက်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)