မုဒုံမြို့နယ် စိမ်းလန်စိုပြည်ရန်အတွက် အရိပ်ရသစ်ပင်များစိုက်ပျိုး

မုဒုံ မေ ၂၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ် စိမ်းလန်းစိုပြည်ရန်အတွက် အရိပ်ရသစ်ပင်များကို ယနေ့ နံနက် ၈ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးရွာအဝင်လမ်းတစ်လျှောက်၌ စိုက်ပျိုးခဲ့သည်။

ထိုသို့ စိုက်ပျိုးရာတွင် မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ခင်သီတာလင်းနှင့်ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်များနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဖြန့်ဝေပေးသည့် စိန်ပန်းကြီး၊ ခရေ၊ မန်ဂျန်ရှားစသည့်အရိပ်ရပျိုးပင် စုစုပေါင်း (၁၀၀)ပင်ကို စိုက်ပျိုးခြင်း၊ ရာသီဥတုဒဏ်၊ ကျွဲ၊ နွားတိရစ္ဆာန်များတို့ကြောင့် ပျက်စီးသွားသည့်အပင်နေရာများတွင် အစားထိုးပြန်လည်စိုက်ပျိုးခြင်းနှင့် အခြားသစ်ပင်များအား မြေသြဇာကျွေးခြင်း တို့ကိုဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့နယ် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုအပူဒဏ်နှင့် သဘာဝဘေးအန္တရာယ်များကိုကာကွယ်နိုင်ရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်များ အနေဖြင့် ကျွန်း၊ ပျဥ်းကတိုး၊ မဟော်မနီ၊ မန်ဂျန်ရှား၊ အော်ရီရှား၊ စိန်ပန်းကြီး၊ ပျဥ်းမ၊ သင်္ကန်း အရိပ်ရပျိုးပင် စုစုပေါင်း (၃၅၀၀၀)ပင်ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)