ဇေယျာသီရိ မေ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးချိန်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး တောင်သူများဖြင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက စည်ပင်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ ရာအိမ်မှူးနေအိမ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြေသိန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခွန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကြည်မောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ဝင်းတို့က စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပါက အပင်ပေါက်ညီညာခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ဆေးဖျန်းရလွယ်ကူခြင်း၊ ပေါင်းမြတ်ကင်းစင်ရလွယ်ကူခြင်း၊ မျိုးကွဲနုတ်ပယ်ရလွယ်ကူခြင်း၊ ပိုးမွှားရောဂါကင်းထောက်စစ်ဆေးရလွယ်ကူခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း စသည့် အကျိုးကျေးဇူးများနှင့် စိုက်ပျိုးရေပေးဝေမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် တောင်သူများက စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)
