နေပြည်တော်ကောင်စီဝင်၊ ဦးမြင့်စိုး၊ နေပြည်တော်အပြုံးစီမံချက်ဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသမှုပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား အံကပ်တပ်ဆင်ပေးခြင်း ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေး

နေပြည်တော် မေ ၂၉

နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်အပြုံးစီမံချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား အံကပ်တပ်ဆင်ပေး၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် ဇေယျာသီရိခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ အတူသွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် ခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်လူနာများ အပါအဝင် လူနာများကို အားပေးစကားပြောကြားပြီး အာဟာရဖြစ်စေမည့် အစားအစာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ အံကပ်တပ်ဆင်ရန် စောင့်ဆိုင်းနေသည့် ဘိုးဘွားများအား အားပေးစကားပြောကြားပြီး ပါမောက္ခဒေါက်တာခင်မောင် ဦးဆောင်သည့် သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများက  ဘိုးဘွားများကို အံကပ်တပ်ဆင်ပေးနေမှုကို ကြည့်ရှုအားပေးသည်။ ထိုသို့ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ သွားနှင့်ခံတွင်းဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာခင်မောင်နှင့် တာဝန်ရှိသူများက  လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဝင်၊ ဦးမြင့်စိုးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အံကပ်တပ်ဆင်ကုသမှုခံယူသည့် ဘိုးဘွားများအား အာဟာရဖြစ်စေမည့် အစားအစာများပေးအပ်ကာ တာဝန်ရှိသူများနှင့်အတူ လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး ဆေးရုံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးသည်။

ယနေ့ သွားနှင့်ခံတွင်းဆေးရုံကြီးတွင် နေပြည်တော်အပြုံးစီမံချက်ဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသခံယူမည့်လူနာ(၁၂)ဦးနှင့် အံကပ်တပ်ဆင်ကုသမှုခံယူမည့်လူနာ(၂၁)ဦးဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)