ကွမ်းခြံကုန်း မေ ၂၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ အခမ်းအနားအား အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံကြစို့သီချင်းဖြင့် အခမ်းအနားအားဖွင့်လှစ်ပြီး ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားကာ၊ တွံတေးခရိုင်ပညာရေးမှူးဆရာမကြီးဒေါ်ခင်စမ်းရီက ပညာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ဗဟိုအဆင့်လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ကျောင်းသူများနှင့် နိုင်ငံတော်မှထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများ၊ ဝတ်စုံများကို ထောက်ပံပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တွံတေးခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်စမ်းရီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောမိဘများ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)
 
    