ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၀)နှစ်အောက် ဂျူဒိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား မေ ၂၉

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၀)နှစ်အောက် ဂျူဒိုပြိုင်ပွဲကို ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လက်ရွေးစင်ဂျူဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်‌ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

အခမ်းအနားတွင် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်း ဂါဝရပြုမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကား ပြောကြား ရာတွင် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအသင့်ဖြင့် ပြည်နယ်အတွက် အားကစားလူချွန်လူကောင်းများဖြစ်ကြောင်း ပြသနိုင်တော့မည် ဟု ယုံကြည်ပါကြောင်း၊ ပြည်နယ်ဂျူဒိုအသင်းအနေဖြင့် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီး တံခွန်စိုက်၊ စုပေါင်းတံခွန်စိုက် အပါအဝင် အမျိုးသား/အမျိုးသမီးအကောင်းဆုံးဆုများကို (၂)နှစ် ဆက်တိုက်ရယူပေးခဲ့ပြီး ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့်အတွက် ယခုနှစ်မှာလည်း ယခင်ပြိုင်ပွဲများ၏ အောင်မြင်မှုများထက် ပိုမိုအောင်မြင်ရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း အားပေး ပြောကြားသည်။

ထို့နောက် လက်ရွေးစင်ဂျူဒိုအသင်းနည်းပြ ဆရာဦးဝဏ္ဍထွန်းက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်စုဖွဲ့လေ့ကျင့်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အသင်းအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း (၃၀)၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးက ငွေကျပ် (၃)သိန်းတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ လက်ရွေးစင်အသင်း အဖွဲ့ခေါင်းဆောင်က ကတိပြုစကားပြန်လည်ပြောကြားခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီခွဲကလည်း မြို့သန့်ရှင်းသာယာလှပရေးအတွက်  စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင် များနှင့် အတူ သခင်နက်ဖေလမ်းနှင့် ရုံးကြီးလမ်းဆုံ မီးပွိုင့်မှ သခင်နက်ဖေလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့ စိမ်းလန်းစိုပြည်ရေး ဝန်ထမ်းသားသမီးများထဲမှ ကျောင်းတက်ရောက်မည့် လူငယ်များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)