ကျိန္တလီမြို့တွင် မိုးရာသီအကြို စုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျိန္တလီ မေ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီအကြို စုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က ကျိန္တလီမြို့၊ သိပ္ပံလမ်း၊ ခွေးဇူးတိုက်ချောင်းအနီးရှိ ဒီရေတော၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဂွမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းနိုင်က ၂၀၂၄ခုနှစ်၊ မိုးရာသီအကြို စုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒီရေတောတွင် စိုက်ပျိုးမည့်ပျိုးပင်များအား မြို့အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းနှင့် အဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းနှင့်ဝန်ထမ်းများ၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းနိုင်နှင့်ဝန်ထမ်းများ၊ ရခိုင်ကမ်းရိုးတန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA)ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်၊ မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးခင်မောင်ညို၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်သောင်း၊ လျှပ်စစ်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသူရစိုးနှင့်ဝန်ထမ်းများ၊ ပညာရေးဌာနမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်နှင့် ဆရာ/ဆရာမများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကိုကိုနိုင်၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ပြီး စုပေါင်းသစ်ပင်များ စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ မိုးရာသီအကြို စုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲတွင် ဗြူးအုပ်ဆောင်း(၁၅၀)ပင်၊ ဗြူးခြေထောက်အဖို(၁၅၀)ပင်၊ ဗြူးခြေထောက်အမ(၁၅၀)ပင်၊ မြိုင်ကြီးပင်(ခေါ်)ဆောင်းဖို(၅၀)ပင်၊ စုစုပေါင်း (၅၀၀)ပင်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျိန္တလီ(ပြန်/ဆက်)