နမ့်စန်မြို့နယ် ပန်လင်းဆိုင်ကျေးရွာရှိ မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့ ပြည်သူ့ဆက်ဆံရေးရုံးတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသ

နမ့်စန်(တ)  မေ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနကဆောင်ရွက်သော မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ပိန်းကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ကျေးရွာရှိ မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့ ပြည်သူ့ဆက်ဆံရေးရုံးတွင် ဆောင်ရွက်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့မှ စိုင်းအောင်မှိုင်း၊ ဝမ်ပိန်းကျေးရွာအုပ်စု မီးဘေးကြိုတင်ကာကွယ်ရေးအဖွဲ့ဝင် ဦးလုံးသန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က မီးဘေးအန္တရာယ်ကြီးမားပုံ၊ မီးလောင်မှု ဖြစ်ပွားစေသည့် အကြောင်းအရင်းများ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက လက်တွေ့မီးငြှိမ်းသတ်တတ်စေရန်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ကားရေပိုက်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ပြီး တက်ရောက်လာကြသူများက ကိုယ်တိုင်ပါဝင်ဆောင်ရွက်­­ခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)