အလယ်တန်းအဆင့် အောင်မြင်ပြီးသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်း တက်ရောက်နိုင်ရေးနှင့် မွေးမြူရေးသင်တန်းသားများအတွက် ရရှိနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး

ကျောက်ပန်းတောင်း မေ ၂၉

အလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးမြောက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး သင်တန်းကျောင်းများသို့ တက်ရောက်ပညာသင်ကြားလိုသည့် ကျောင်းသား/ကျောင်းသူများအတွက်၊ မွေးမြူရေးသင်တန်းတက်ရောက်မည့် သင်တန်းသားများ ရရှိနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းလင်းက အလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးမြောက်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့်၊ ၂၀၂၄-၂၀၂၅ ပညာသင် နှစ်အတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး သင်တန်းကျောင်းများသို့ တက်ရောက်နိုင်မည့် အခြေအနေများနှင့် မိမိတို့ ဝါသနာပါရာ စက်မှုသင်တန်း၊ စိုက်ပျိုးရေးသင်တန်း၊ မွေးမြူရေးသင်တန်းများကို ရွေးချယ်တက်ရောက်နိုင်ကြောင်းနှင့် အောင်မြင်မှု အဆင့်အတန်းများအရ ရရှိနိုင်မည့် အခွင့်အရေးများကို ရှင်းလင်းပြောကြားသည။ အဆိုပါ ကျောင်းများတွင် မွေးမြူရေးသင်တန်းသို့ တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် သင်တန်းကျောင်းတက်ရောက်နေစဉ်အတွင်း ရရှိနိုင်မည့် သင်ကြား/ သင်ယူမှုဆိုင်ရာ အခွင့်အရေးများနှင့် ကြိုးစားမှုအပေါ် မူတည်၍ ဆက်လက်တက်ရောက်နိုင်မည့် မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ သိပ္ပံ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်မည့် အခြေအနေများကို၊ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး  တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း၊ မူလတန်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)