မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးကဏ္ဍ (ငါးမွေးမြူရေး) အတွက် ဒုတိယအကြိမ် ချေးငွေများ ထုတ်ချေးပေး

မတ္တရာ မေ ၂၉

မတ္တရာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးကဏ္ဍ (ငါးမွေးမြူရေး) အတွက် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်ကော်မတီနှင့် လုပ်ငန်းရှင်များ ချေးငွေသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းမှ ငါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လိုင်စင်ရ ငါးမွေးမြူရေး လုပ်ငန်းရှင်များကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်(၈)ဘီလံယံမှ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ပြန်လည်ပေးဆပ်ရမည့် အချိန်တွင်လည်း အချိန်မီ ပြန်လည်ပေးဆပ်ရန် လိုအပ်ပါကြောင်းဖြင့်  အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းမှ မတ္တရာမြို့နယ်အတွင်း ငါးမွေးမြူရေးနှင့် ချေးငွေထုတ်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ငါးလုပ်ငန်းရှင်များနှင့် ချေးငွေသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ယနေ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံရန်ငွေ ကျပ် (၈) ဘီလီယံမှ ငါးလုပ်ငန်းရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် မွေးမြူရေးကဏ္ဍ (ငါးမွေးမြူရေး) အတွက် ချေးငွေ ကျပ်သိန်း ၁၀၀၀ ထုတ်ချေးပေးခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တွင် ကျပ်သိန်း ၄၄၀၀ ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)