လားရှိုး မေ ၂၉
ကျောင်းဖွင့်ကာလရောက်တော့မည်ဖြစ်သဖြင့် လားရှိုးမြို့တွင် ကျောင်းဝတ်စုံများ ပြတ်လပ်သည်အထိ ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။ လားရှိုးမြို့တွင် ရောင်းချကြသည့် ကျောင်းဝတ်စုံအရောင်းဆိုင်များတွင် ကျောင်းဝတ်စုံများ ဆိုဒ်စုံမရနိုင်တော့ပဲ အချို့သော ကျောင်းသုံးပစ္စည်းများမှာ ပြတ်လပ်သည်အထိ ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။
“နှစ်စဉ်နှစ်တိုင်း ကျောင်းဝတ်စုံတွေကို စက်ချုပ်သမားတွေနဲ့ ကိုယ်တိုင်ချုပ်ပြီး ရောင်းပါတယ်။ ဒီဇိုင်းပုံစံကတော့ မျိုးစုံပေါ့။ ဒီတစ်နှစ်ကတော့ လားရှိုးမှာ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်တော့ ဝတ်စုံချုပ်တဲ့ ပိတ်စတွေ ဝယ်ဖို့အခက်အခဲဖြစ်တယ်။ နောက်ပြီး သယ်ယူပို့ဆောင်ခ စရိတ်ကလည်း အရင်နှစ်ကထက် ငါးဆလောက်ထိ မြင့်တက်သွားတော့ ကျောင်းဝတ်စုံတစ်စုံရဲ့ တန်ဖိုးက အရင်နှစ်ကထက် တော်တော်များများကို မြင့်တက်သွားတယ်။ အခုလက ကျောင်းဖွင့်ရာသီ ရောက်တော့မှာဆိုတော့ ကျောင်းဝတ်စုံကတော့ ရောင်းအားအကောင်းဆုံးပါပဲ။” ဟု လားရှိုးမြို့ရှိ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများကိုသာ လက်လီ၊ လက်ကားရောင်းချသည့် ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လားရှိုးမြို့တွင် ကျောင်းအပ်ရာသီကာလအတွင်း ကျောင်းဝတ်စုံရောင်းချသည့် ဈေးဆိုင်များ၊ စာရေးကိရိယာဈေးဆိုင်များတွင် ဈေးဝယ်သူများဖြင့် များပြားစည်ကားလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )
 
    