မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်း နှင့် ဓာတုဆေးဝါးများလျှော့ချနည်းသင်တန်း ဖွင့်လှစ်သွားရန်ပြင်ဆင်မှုများပြုလုပ်

မန္တလေး၊ နိုဝင်ဘာ ၁၁

တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်းနှင့် ဓာတုဆေးဝါးများလျှော့ချနည်းသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးကုန်သည်များ  နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ကသိရသည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးတောင်သူများအတွက် အသိပညာမျှဝေသည့် အစီအစဉ်တစ်ခုအနေဖြင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ဂျာမနီနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းများအသင်းတို့ ပူးပေါင်း၍ဖွင့်လှစ်သွားမည်ဖြစ်သည်။

“ကိုဗစ်ကာလဖြစ်တဲ့အတွက် လောလောဆယ်မဖွင့်နိုင်သေးဘူး၊ ပြင်ဦးလွင်မှာ ဖွင့်ပြီးသား၊ နောက်ထပ်ဖွင့်ဖို့ပြင်ဆင်နေတယ်၊ ပြင်ဦးလွင်၊ မတ္တရာအပြင် မန္တလေးတိုင်းအတွင်း စိုက်ပျိုးရေး များတဲ့ ဟင်းရွက်သစ်သီးဝလံတွေထွက်တဲ့ဒေသတွေမှာ ဖွင့်ဖို့ပြင်ဆင်နေပါတယ်၊ တချို့တောင်သူတွေက အထွက်တိုးအောင်ဓာတုမြေဆီတွေကို အများကြီး သုံးကြတာများတယ်၊ တိုင်းမှာလည်း အစားအစာဘေး ကင်းလုံခြုံရေးပရော့ဂျက်လုပ်နေတာလည်းရှိတယ်၊ အဲဒီအတွက်လည်း တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းဆောင်ရွက်တာပါ၊ စားသုံးသူရော တောင်သူပါ အများကြီးအကျိုးရှိမှာပါ”ဟု MRCCI ၏ ဗဟို အလုပ်အမှုဆောင် ဦးကျော်စိုးနိုင်ကပြောသည်။

သင်တန်းဖွင့်လှစ်ပါက ပြင်ဦးလွင်မြို့တွင်ဒုတိယအကြိမ်ဖွင့်လှစ်ရန်လျာထားပြီး၊ သင်တန်းကာလမှာ သုံးရက်တာ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်လိုက်သည့် အတွက် တောင်သူများအနေ ဖြင့် မြေသြဇာ၊ ပိုးသတ်ဆေး  များအကြောင်းပိုမိုနားလည်းသွားမည်ဖြစ်ကြောင်းသိရသည်။

“အထွက်တိုးချင်တော့ပါတဲ့ရည်ညွှန်းစာအတိုင်းမသုံးကြဘူး၊ အဲဒါတွေလျော့ချဖို့ စနစ်တကျ သုံးစွဲနည်းတွေ၊ သဘာဝဓာတ်မြေသြဇာကို သုံးစွဲဖို့လုပ်သွားမယ်၊ ဘေးထွက်ဆိုးကျိုးတွေကို စားသုံးသူ တွေမှာတွေ့ရတယ်၊ ပိုးသတ်ဆေးကိုလည်းလိုတာထက်သုံးစွဲကြတာများတယ်၊ ပိုးသတ်ဆေးစနစ်တကျ သုံးစွဲနည်း၊ မြေဆီလွှာအချဉ်ဓာတ်များတာ အငံဓာတ်များ တာတွေကိုလည်း ထိန်းသိမ်းနည်းတွေပါ  ပို့ချ ပေးသွားမှာပါ၊ ပြီးရင် GAP ဂိုက်လိုင်းအတိုင်းသွားမယ်၊ သင်တန်းတက်ခြင်းဖြင့် မြေဆီလွှာ၊ ပိုးသတ်ဆေး ၊ မြေသြဇာစနစ်တကျ သုံးစွဲတဲ့အလေ့အထတွေရလာပြီး ဒေသထွက်ကုန်တွေအတွက် အကျိုးရှိလာမှာပါ၊ သင်တန်းနဲ့ပတ်သက်ပြီး MRCCI မှာလည်း ဆက်သွယ်လို့ရတယ်”ဟု ဆက်လက်ပြောသည်။

ယင်းသင်တန်းတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် ဓာတ်မြေသြဇာသုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ၊ သီးညှပ်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် လယ်ယာမြေစိုက်ပျိုးရေးဆိုင်ရာ ဓာတုဆေးဝါးများ သုံးစွဲမှုနှင့်ပတ်သက်သည့် အတွေ့အကြုံများကို ဂျာမနီပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ထိပ်ထားနိုင်