လားရှိုးမြို့နယ်ထွက် လိုင်ချီးသီးများကို နေပြည်တော်၊ ရန်ကုန်နှင့်အခြားမြို့များသို့ တင်ပို့ရောင်းချ

လားရှိုး မေ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော လိုင်ချီးသီးများကို ရန်ကုန်မြို့နှင့်အခြားများသို့ တင်ပို့ရောင်းချလျက်ရှိနေပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ လားရှိုးမြို့နယ်အတွင်းတွင် လိုင်ချီးသီးများကို နောင်မွန်၊ အီနိုင်း၊ နမ့်ပေါင်၊ စဉ့်အင်ကျေးရွာများဘက်တွင် အများအပြားစိုက်ပျိုးကြပြီး နယ်မြေဒေသစုံသို့ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“ဒီတစ်နှစ် လိုင်ချီးသီးဈေးက အရင်နှစ်တွေနဲ့ ယှဉ်ရင်တော့ ဈေးပိုတာပေါ့။ တစ်ပိဿာကို တစ်သောင်းငါးထောင်ဝန်းကျင်ဈေးရှိတယ်။ အရင်နှစ်တွေကဆို တစ်သောင်းဝန်းကျင်ပဲဈေးရှိတာ။ ဈေးကတော့ အမျိုးအစားအလိုက် ကွဲပြားမှုတော့ရှိတာပေါ့။ ဒီတစ်နှစ်က လမ်းပန်းဆက်သွယ်ရေးကလည်း အရင်နှစ်တွေကနဲ့မတူတော့ မြို့တိုင်းကို တင်ပို့ရောင်းချလို့မရနိုင်ပေမယ့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ဘက်တွေကိုတော့ တင်ပို့ရောင်းချနေပါတယ်။” ဟု နောင်မွန်ကျေးရွာရှိ လိုင်ချီးစိုက်ပျိုးရောင်းချသူ တစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း လားရှိုးမြို့တွင် လိုင်ချီးသီးဈေးနှုန်းမှာ ပြင်ပပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ်ထိဈေးရှိနေပြီး ဈေးရှိနေပြီး လားရှိုးဒေသထွက် လိုင်ချီးသီးများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များသို့ အဓိကတင်ပို့ရောင်းချကြကြောင်းသိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ လိုင်ချီးခြံများသို့ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးများမှ ဒေသခံအများအပြား လာရောက်ကာ နေ့စားဝန်ထမ်းများ အဖြစ်လာရောက် လုပ်ကိုင်ကြသူ များပြားနေပြီး တစ်ရက်လျှင် လုပ်အားခနှစ်သောင်းကျပ်ထိ ရရှိကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)