နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မေ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နိုင်ငံတော်အနေဖြင့် ခေတ်သစ်စနစ်သစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်အတွင်း၌ ဌာနမူလတန်းကြိုကျောင်း ၈ ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း ၉၅ ကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၆၀ ကျောင်းနှင့် မိခင်ဝိုင်း ၂၉ ဝိုင်းဖြင့် ကလေးများဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သည့် ကလေးငယ်များအား နိုင်ငံတော်အတွက် အရည်အသွေးရှိပြီး လင်းလက်တောက်ပသော ကြယ်ပွင့်လေးများဖြစ်အောင် တာဝန်ရှိသူများအနေဖြင့် ပြုစုပျိုးထောင်ပြီး အကောင်းဆုံး စောင့်ရှောက်ပေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဥမ္မာဆွေက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ကော်မတီဝင်များက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)