ကျိုက်မရော မေ ၂၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာများရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်ဝေက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသိန်းစိုးက စီမံကိန်းကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာရွေးချယ်ပွဲသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိန်ဝေနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) (၁၀) ရွာကို အတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရွေးချယ်ပွဲသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာမှ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)
 
    