သံတွဲမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပ

သံတွဲ မေ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့တေးသီချင်းအား သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ Video Clip ကို ပြသသည်။

ထို့နောက် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် သံတွဲမြို့နယ်အတွင်းရှိ နန်းချောင်းကျေးရွာစာကြည့်တိုက်၊ ဂေါ့ရပ်ကွက်စာကြည့်တိုက်၊ ဂျိတ္တောရပ်ကွက်စာကြည့်တိုက်၊ ကြိမ်ချောင်းကျေးရွာစာကြည့်တိုက်နှင့် မြုံချောင်ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များနှင့် သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးဖိုးရီအောင်တို့က ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်အတွက် လှူဒါန်းသည့် စာအုပ်စာစောင်များကို အလှူရှင် ရန်ကုန်မြို့နေ ဦးရဲထွန်း ကိုယ်စား Book Club နာယက ဦးမြင့်စိုးက ပေးအပ်လှူဒါန်းရာ လက်ထောက်ညွှန်ကြားရေးမှူးတာဝန်ပေး ဒေါ်လဲ့လဲ့ဝင်းက လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားအပြီးတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)