ကျောက်ဆည်မြို့နယ်ထွက် ငရုတ်သီးအစိမ်းများ တစ်ပိဿာ ကျပ် ၅၀၀၀ နှုန်း ရရှိနေ

ကျောက်ဆည် ဖေဖော်ဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်၊ စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ ဝါ၊ ငရုတ်၊ ပြောင်းနှင့် ကာလတို/ကာလရှည်သီးပင်စားပင်များ စိုက်ပျိုးထားရှိရာ ငရုတ်သီးအစိမ်း(၁)ပိဿာ ငွေ(၅၀၀၀)ကျပ်ဖြင့် ခူးဆွတ်ရောင်းချရသဖြင့် အသီးအထွက်နှုန်းကောင်းမွန်သည့်  ငရုတ်စိုက်ခင်းပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ငရုတ်သီးနှံများစိုက်ရာတွင် ရေရှိမှုနှင့် စိုက်ပျိုးမြေအနေအထားအလိုက် ဈေးကွက်ရရှိရေး သီတင်းကျွတ်လမှ တပိုတွဲလအထိ စိုက်ပျိုးကြကြောင်း စိုက်ပျိုးရာတွင် အစိုစိုက် (ရေတင်စိုက်ပျိုးခြင်း)နှင့် အခြောက်စိုက် ထယ်ရေးပြင်ပြီးသား မြေပေါ်တွင် မြေကျင်းတူးများတူး၍ (ရေလောင်းစိုက်ပျိုးခြင်း)ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း ခူးဆွတ်ရောင်းချရာ၌ အစိမ်းဈေးကွက်ကောင်းပါက ငရုတ်သီးအစိမ်းများ ခူးဆွတ်ရောင်းချပြီး၊ အခြောက်ဈေးကွက်ကောင်းပါက ငရုတ်သီးများအား ရင့်မှဲ့အောင်ထားပြီး ခြောက်သွေ့အောင် အခြောက်လှန်း၍ ရောင်းချခြင်းများ ပြုလုပ်ကြကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

ငရုတ်သီးနှံသည် အပင်အပြုအစုနှင့်ရာသီဥတုကောင်းမွန်ပါက ခူးဆွတ်ချိန် (၆)လခန့်ကာမြင့်ကြောင်း၊ ခူးဆွတ်ရာတွင် အပင်ဖြစ်ထွန်းမှုနှင့် အသီးသီးနှုန်း အနေအထားအရ (၇)ရက်တစ်ကြိမ်  ခူးဆွတ်နိုင်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)