ချောင်းဆုံ မေ ၂၉
မွန်ပြည်နယ်တွင် ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန် ငါးသယံဇာတ ပေါကြွယ်ဝစေရန် ၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်၍ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးမျိုးများ ပွားများလာစေရန်အတွက် ရည်ရွယ်၍ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ချောင်းဆုံမြို့နယ် ချောင်းဆုံအနောက်ရပ်ကွက် မဟာကန်တော်ကြီး ကန်ရေပြင်တွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်ဦးက ငါးမျိုးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများမှ မဟာကန်တော်ကြီး ကန်ရေပြင်အတွင်းသို့ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအတွက် သထုံမြို့နယ်ငါးလုပ်ငန်းစခန်းမှ (၂)လက်မနှင့်အထက် အရွယ်အစားရှိသည့် ရွှေဝါငါးကြင် ငါးသားပေါက်ကောင်ရေ (၁)သိန်း၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၅)သောင်းနှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၅)သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းခန့်ကို မဟာကန်တော်ကြီး ကန်ရေပြင်တွင် ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)