လှိုင် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်(၉) နာရီအချိန်က လှိုင်မြို့နယ်ပညာရေးမှူးရုံး လှိုင်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းအပ်နှံရေး သီတင်းပတ်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၂) ဦးအုန်းမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သီတာဝင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊” ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မေလ(၂၃) ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံပေးနေပြီး ဇွန်လ(၂)ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးတို့က ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများအား ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ပြီး မြန်မာ့ကျောင်းသီချင်းသီဆို၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ညိုထွန်း (ပြန်/ဆက်)