မုဒုံ မေ ၂၉
မွန်ပြည်နယ် မုဒုံမြို့အတွင်းရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနားပတ်ဝန်းကျင်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မုဒုံမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများကို မြေအောက်ရေနှင့် ချောင်းပိတ်မြောင်းပိတ် စနစ်များဖြင့် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ကြက်ဟင်းခါးသီးနှံများသည် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး ရေစီးရေလာကောင်းမွန်သော မြေဩဇာအသင့်အတင့်ရှိသည့်နေရာတွင် စိုက်ပျိုးပါက ဖြစ်ထွန်းမှုရှိပါကြောင်း၊စိုက်ပျိုးရာ၌ တစ်တန်းနှင့်တစ်တန်း အနည်းဆုံး ငါးပေအကွာ တစ်ပင်နှင့်တစ်ပင် သုံးပေခြားထားရှိပြီး အစေ့တိုက်ရိုက်စိုက်သောနည်းဖြင့် စိုက်ပျိုးကြကာ မိုးရာသီစိုက်အပင်များအတွက် စိုက်ပျိုးပြီး ရက် ၉၀ အကြာတွင် လှိုင်လှိုင်ထွက်ရှိ၍ စတင်ခူးဆွတ်နိုင်ကြောင်းနှင့် အိမ်ခြံဝင်းအတွင်းနှင့် အခြားမြေလွတ်နေရာများတွင် အလွယ်တကူ စိုက်ပျိုးနိုင်သောကြောင့် မိသားစုအတွက် နေ့စဥ်အပိုဝင်ငွေရရှိနေကြောင်း ဖယ်ဒိုကျေးကျေးရွာမှ ကြက်ဟင်းခါးသီးစိုက်တောင်သူ ဒေါ်ဖဲ့က ပြောသည်။
မုဒုံမြို့နယ်တွင် ကြက်ဟင်းခါးသီးကို ဆယ့်နှစ်ရာသီပတ်လုံးစိုက်ပျိုးကြပြီး အသီးအရွယ်အစားအလိုက် ဒေသပေါက်စျေး တစ်လုံးလျှင် ငွေကျပ် ၃၀၀မှ ၁၀၀၀ အထိ မော်လမြိုင်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)