မြစ်ကြီးနား နိုဝင်ဘာ ၁၁
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေါင်းဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ထိန်ချုံးခရိုင်၊ ဟော်ချောင်မြို့နယ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းရှေ့တွင် ပေးအပ် လှူဒါန်းခဲ့သည်။
ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံး ပစ္စည်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးနှင့် တာဝန်ရှိသူများက အဆိုပါ လိုဏ်ခေါင်းရှေ့၌ ပေါင်းဆန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ တရုတ်ငွေယွမ် (၅)သိန်းတန်ဖိုးရှိ ဆေးရုံသုံးနှာခေါင်းစည်း (Mask) ၅၄၀၀၀၀ ခု၊ N95 Mask ၂၀၀၀၀၊ တခါသုံးလက်အိတ် (၄၀၀၀၀)စုံ၊ PPE ဝတ်စုံ (၂၇၀၀)စုံနှင့် ဆေးရုံသုံးဖိနပ် ၄၀၀၀၀၊ Hand Antiseptic Rinse Free Gel 500ml ၁၉၂၀ လုံး၊ 84 ပိုးသတ်ဆေးရည် 5kg ၃၂၀ ပုံးပေးအပ်လှူဒါန်းမှုကို လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။
မျိုးမြင့်စိုး(ပြန်/ဆက်)